Table of contents

  1. Good old days
Good old days Good old days

Good old days

စီနီယာအစ်ကိုတစ်ယောက်ရေးထားတဲ့ ‘Stolen Focus’ စာအုပ် review ဖတ်ရတယ်။ ဒစ်ဂျစ်တယ် ဖြေဆေး (digital detox) နည်းနဲ့ အာရုံစူးစိုက်မှုကောင်းအောင်လုပ်ဖို့ရာ အခုခေတ်မှာ မလွယ်တော့ကြောင်း ရေးထားတယ်။ တခြားခေတ်မီနည်းလမ်းတွေသုံးပြီး အာရုံစူးစိုက်နိုင်စွမ်း ဘယ်လိုတည်ဆောက်မလဲဆိုတာ အဓိကဖော်ပြထားတယ်။ ကိုယ်တိုင်မဖတ်မကြည့်ရသေးပေမယ့် review အရ ကျွန်တော်အရင်ဖတ်ဖူးတဲ့ ‘Deep Work’ ၊ ‘Make Time’ စာအုပ်တွေနဲ့ အိုင်ဒီယာကွဲမယ့်ပုံပါပဲ။ ‘Make Time’ စာအုပ်ဆိုရင် ကျွန်တော့်အပေါ် ခုထိလွှမ်းမိုးမှုရှိနေတုန်းပဲ။ သူ့မှာသဘောကျဖို့ကောင်းတဲ့အချက်က ‘Atomic Habits’ တို့လို အိုင်ဒီယာတစ်ခုတည်းကို စာအုပ်တစ်အုပ်လုံး ထိုးရောင်းတာမဟုတ်ဘဲ စာရေးဆရာနှစ်ယောက်က သူတို့ကိုယ်တိုင်စမ်းသပ်ထားတဲ့ နည်းပေါင်းစုံ အသေးစိတ်ရေးထားတာမျိုး။ Google မှာအလုပ်လုပ်ဖူးကြတဲ့လူတွေမို့လို့ social media app တွေ ဘယ်လိုအလုပ်လုပ်သလဲ ကောင်းကောင်းသိကြတယ်။ စာအုပ်ထဲမှာ social media app တွေကို တခါခြေချလိုက်ရင် တော်တော်နဲ့ပြန်မတက်လာနိုင်တဲ့ infinity pool တွေလို့တင်စားကြတယ်။ social app တွေကနေ ဘယ်လိုရှောင်ထွက်မလဲ။ social media မသုံးရခြင်းရဲ့ နောက်ဆက်တွဲ Fear of missing out (FOMO) ကိုဘယ်လိုသက်သာအောင်လုပ်မလဲ စသဖြင့်ရေးထားတယ်။ အခုက ‘Make Time’ စာအုပ် review မဟုတ်ဘူးမို့လို့ ဒီလောက်နဲ့ရပ်ပြီး digital detox ကိစ္စပြန်ဆက်ရအောင်။

Digital detox နည်းလမ်းဟာ ကျွန်တော့် personality အတွက် ခုချိန်ထိ အထိရောက်ဆုံးဖြစ်နေဆဲပဲ။ ၂၀၂၁ အကုန်ပိုင်းလောက်မှာ တိုင်းတပါးစရောက်ကတည်းက ကျွန်တော် နည်းပညာနယ်ပယ်ကို အလုပ်ပြောင်းတယ်။ နယ်ပယ်သစ်က မိတ်ဆွေတွေနဲ့ စကားစပ်မိရင်း လွန်ခဲ့တဲ့သုံးနှစ်မတိုင်ခင်က ကျွန်တော်ဟာ ဆရာဝန်တစ်ယောက်ဖြစ်ကြောင်း၊ နယ်ပယ်သစ်မပြောင်းခင်မှာ တောက်လျှောက်ဆေးကုလာတာ ကိုးနှစ်လောက်ရှိကြောင်း ပြောပြလိုက်ရင် ယုံရခက်သွားကြတယ်။ တချို့ကတော့ ဒီသုံးနှစ်အတွင်းမှာ ကွန်ပြူတာကျောင်းဆင်းတွေနဲ့ တန်းတူလုပ်ငန်းခွင်ဝင်နိုင်တာဟာ တော်တော်ဉာဏ်ကောင်းလို့ပဲ။ အင်းလေ… ဉာဏ်ကောင်းလို့ပဲ ဆရာဝန်ဖြစ််ခဲ့တာပေါ့လို့ ပြောတတ်ကြတယ်။ ဒီစကားကြားတိုင်း ကျွန်တော်ပြန်ပြောတယ်။ သူများထက် ဉာဏ်ကောင်းတယ်ဆိုတာ မဟုတ်ဘူး။ ကျွန်တော်ဟာ တခုခုဖတ်ပြီးရင် တခါတည်းမမှတ်မိဘူး။ ဖတ်သမျှမေ့လွန်းအားကြီးလို့ အချိန်ပေးပြီးဖတ်ရတာနဲ့ မတန်အောင်ပါပဲ လို့ပြောရင် သက်သက်နှိမ့်ချတာပဲလို့ ထင်ကြတယ်။ အဓိကအကြောင်းရင်းက ရိုးရိုးလေးရယ်ပါ။

“ကျွန်တော့်ဖုန်းထဲမှာ Facebook မရှိဘူး”

Facebook အပြင် Instagram ၊ Tiktok ၊ Twitter တွေလည်းမရှိပါဘူး။ အဆက်အသွယ်မပြတ်အောင် messenger တော့သွင်းထားတယ်။ phone browser ကနေ facebook သုံးလို့မရအောင် setting ထဲသွားပြီး facebook လိပ်စာမှန်သမျှ ဘလော့ထားတယ်။ အကုန်ဘလော့ထားတာမို့လို့ messenger မှာ facebook link တစ်ခု လာပို့ရင်တောင် ဖွင့်မရဘူး။ ဖုန်းမှာ သုံးမရပေမယ့် အရေးကြီးရင်တော့ ကွန်ပြူတာမှာ facebook သုံးလို့ရအောင် ထားထားတယ်။ ဒါပေမယ့် Newsfeed eradicator extension ထည့်ထားလို့ ကွန်ပြူတာမှာသုံးလည်း facebook ကို တမေ့တမောဆွဲချပြီးကြည့်နေလို့မရဘူး။ Notification ကြည့်ပြီး သက်ဆိုင်ရာ post တွေဝင်ဖတ်၊ သတင်းဖတ်ချင်ရင် search လုပ်ပြီး သတင်း page ထဲဝင်ဖတ်လို့ပဲရတယ်။ ဖုန်းမှာ facebook သုံးမရလည်း ကွန်ပြူတာမှာ သုံးမှာပေါ့။ ဘာထူးဆန်းလို့လဲလို့ ထင်စရာရှိပေမယ့် လက်တွေ့မှာ တော်တော်သိသာတယ်။ လူ့အကျင့်က အားပြီဆိုဖုန်းကောက်ကိုင်တာပဲ။ အဲဒီအချိန်မှာ အချိန်ကုန်အောင်ကြည့်လို့ရတာ ဘာမှမရှိဘူးဆိုရင် LinkedIn ကြည့်တာနဲ့ ebook ဖတ်တဲ့ဆီကိုပဲ ရောက်သွားတော့တယ်။ အလုပ်ကိစ္စမရှိရင် ကွန်ပြူတာဆီလက်လှမ်းလေ့မရှိတာမို့ ကွန်ပြူတာမှာ facebook သုံးလို့ ရခြင်း/မရခြင်းဟာ သိပ်မသိသာလှဘူး။ အဲဒီလိုဖုန်းထဲမှာ ဘာမှကြည့်စရာမရှိလို့ ဟိုဟာနည်းနည်းဖတ်၊ ဒီဟာနည်းနည်းဖတ်တာရယ်၊ ကျကျနနထိုင်ပြီး ဗဟုသုတရအောင်ရည်ရွယ်ဖတ်တာရယ် အားလုံးပေါင်းပြီး နည်းပညာအသစ်တွေ ကျွန်တော်လေ့လာခဲ့တာပါပဲ။

I grew up doing this

တခုခုလိုချင်ရင် တခုခုစွန့်လွှတ်ရတယ် ဆိုတဲ့အတိုင်း ပြန်ပေးလိုက်ရတဲ့အရင်းအနှီးကလည်း မသေးလှပါဘူး။ တခုခုဆို နောက်ဆုံးမှသိတာ၊ အွန်လိုင်းမှာမျှဝေတဲ့ အခွင့်အရေးတွေ လက်လွတ်တာ (အဆိုးဆုံးက second-hand ပြန်ရောင်းတဲ့ ပစ္စည်းသန့်သန့်လေးတွေဆိုရင် သူများဝယ်သွားပြီးမှ တွေ့တာ) တွေပါ။ ငါတော့အဆက်ပြတ်နေပြီဟဲ့ဆိုပြီး facebook install ပြန်လုပ်လိုက်ရင် အစပိုင်းကြည့်ခါစ အသုံးဝင်တဲ့ information တွေပြန်ရပြီလိုလိုထင်ရတတ်တယ်။ တရက်၊ နှရက်ကြာတာနဲ့ အသုံးဝင်တာလေးတွေ ကြားညှပ်ပြီး အသုံးမဝင်တာတွေပဲ အုံနဲ့ကျင်းနဲ့လာပြနေတယ်လို့ ခံစားလာရတယ်။ ဒါနဲ့ပဲ ပြန်ဖျက်လိုက်တယ်။ နည်းပညာသစ်တွေ လေ့လာနိုင်တယ်ဆိုတာ သူများထက်ဉာဏ်ကောင်းလို့တို့၊ will power ဆိုတာကြီးကောင်းလို့တို့၊ လုံ့လဝီရိယရှိလို့ဆိုတာတွေကြောင့်မဟုတ်ဘဲ လုပ်စရာမရှိလို့ စာပဲဖတ်ဖြစ်တဲ့ အခြေအနေရောက်အောင် ဖန်တီးယူထားတာကြောင့်ပါ။ အာရုံထွေပြားတဲ့ကြားထဲ တခုခုလေ့လာနေဖို့ဆိုတာ motivation အများကြီးလိုပါတယ်။ အိမ်သာတက်ရင်းကြည့်ဖို့ ဖုန်းယူသွားပေမယ့် ဘာမှကြည့်စရာမရှိလို့ စာပဲဖတ်ပြီးပြန်ထွက်လာတာမျိုးက ဘာ motivation မှမလိုပါဘူး။

(ဒီလိုအခြေအနေမျိုးရောက်အောင် ကြိုဖန်တီးထားတာကို pre-commitment လို့ခေါ်ပါတယ်။ နောက်ပြန်လှည့်လို့မရတဲ့ အနေအထားမို့လို့ Point-of-no-return လို့လည်းခေါ်ကြပါတယ်။ ရာဇဝင်မှာ Hernan Cortes သုံးတဲ့ burnt ship method နဲ့ဆင်တူပါတယ်။ ကျွန်တော်တို့ဆီက ဘုရင့်နောင်ဖောင်ဖျက်ကိန်းနဲ့ ခပ်ဆင်ဆင်ရယ်ပါ။ အကျယ်ကို Nick Winter ရေးတဲ့ Motivation Hacker နဲ့ Piers Steel ရေးတဲ့ The Procrastination Equation မှာဖတ်ပါ)။ ကျွန်တော့်အတွက်အလုပ်ဖြစ်တဲ့ digital detox နည်းလမ်းကို မျှဝေတာပဲဖြစ်ပါတယ်။ တဦးနဲ့တဦး စရိုက်မတူတာမို့ လူတိုင်းနဲ့အဆင်ပြေချင်မှပြေမှာပါ။ ဒါပေမယ့်လည်း ဒစ်ဂျစ်တယ်နည်းပညာတွေထဲ အတိုင်းမသိမျောပါနေတာမျိုး အဖြစ်မခံဘဲ သူ့အတိုင်းအဆနဲ့သူ အကန့်အသတ်လုပ်ထားသင့်ပါတယ်။ ကျွန်တော့်လို တင်းတင်းကျပ်ကျပ်ကြီးမဟုတ်တောင်မှ social media ကြည့်တဲ့အချိန် နည်းနည်းလောက်လျော့သွားရင်ကို နေလို့ထိုင်လို့ ပိုကောင်းလာတာ သတိထားမိမှာပါ။

ဖတ်လက်စ Harry Potter - MOR ပြီးရင် Stolen focus ကိုဖတ်ကြည့်ပြီး review ရေးကြည့်ပါဦးမယ်။ စာရေးဖို့ကခပ်ပျင်းပျင်းရယ်မို့ ကြာချင်လည်းကြာသွားနိုင်ပါတယ်။ (စကားချပ်။ ။ Harry Potter - Methods of Rationality ကို Eliezer Yudkowsky ရေးတာမို့လို့ ပရိတ်သတ်ရေးတဲ့ fanfiction အမျိုးအစားပါ။ Fanfiction ထဲမှာ အကောင်းဆုံးလို့ပြောကြပါတယ်။ Harry ဟာ လုံးဝကွဲပြားတဲ့ universe တခုက version ဖြစ်ပါတယ်။ မွေးစားထားတဲ့ အဒေါ်နဲ့ခင်ပွန်းဟာ J.K Rowling version နဲ့မတူဘဲ အောက်စဖို့ဒ်တက္ကသိုလ် ပါမောက္ခဖြစ်ပြီး Harry ကိုအလွန်ချစ်ပါတယ်။ Spoiler မဖြစ်စေဘဲ စိတ်ဝင်စားအောင်ပြောရရင် Harry အသစ်ဟာ version ဟောင်းထဲက Hermione ပုံစံစာကြမ်းပိုးပါ။ Google မှာ Harry Potter - Methods of Rationality လို့ရှာလိုက်ရင် ebook ကို free download လုပ်ပြီးဖတ်နိုင်ပါတယ်)


← Back to blog