

Starting to use Neovim
ပြီးခဲ့တဲ့အပတ်ကစပြီး Neovim စသုံးဖြစ်တယ်။ Neovim ဆိုတာအလွယ်ပြောရရင် Code Editor ပေါ့။ Mouse သုံးစရာမလိုဘဲ keyboard နဲ့ခိုင်းလို့ရတယ်။ ခလုတ်တွေမပါဘဲ စာသားချည်းသက်သက်။ 2025 မှာ coding agent တွေထွက်လာတယ်။ Windsurf ၊ Cursor ၊ Github Copilot နဲ့ free ထဲကသုံးလို့ကောင်းတာ Trae ရှိတယ်။ အရမ်းကောင်းတယ်။ အရင်ကထက် အလုပ်လုပ်ရတာ တော်တော်သွက်လာတယ်။ ဟိုတုန်းက ပရောဂျက်တစ်ခုအကြမ်းပြီးဖို့ သုံးလလောက်ကြာရင် AI coding assistant တွေနဲ့ တစ်လလောက်နဲ့ပြီးတယ်။ လိုချင်တဲ့ပုံစံကို AI ခိုင်းလိုက်ရင် ချက်ချင်းထွက်လာတယ်။ Coding agent ကပြတဲ့ဟာကို copy paste လုပ်ဖို့တောင်မလိုဘူး၊ သူ့ဘာသာသူဝင်ရေးသွားတာ။ Error တက်ရင်လည်း error message click နှိပ်ရုံနဲ့ AI chat ထဲမေးပြီးသားဖြစ်နေတယ်။ Claude mcp server နဲ့ဆိုရင် သူ့ဘာသာဝင်ရေးပြီး Git push တောင်ဝင်လုပ်သွားသေးတယ်။
ခက်တာက AI ကိုအလွန်အမင်းမှီခိုလာမိတာပဲ။ AI ရေးပေးတဲ့ code ကို အကြမ်းဖျဉ်းတစ်ခေါက်စစ်ကြည့်တယ်။ Run လို့အဆင်ပြေတယ်၊ လိုချင်တဲ့အတိုင်းရပြီဆို လွှတ်ထားလိုက်တာပဲ။ တခါတလေ ကိုယ်ရေးမယ်စဉ်းစားထားတဲ့ပုံစံအတိုင်းမဟုတ်ဘဲ စီနီယာတစ်ယောက်လိုတောင် စနစ်တကျရေးပေးသွားသေးတယ်။ ဒီအထိအားလုံးအဆင်ပြေတယ်။ အလုပ်အပ်တဲ့ဆီ အကြမ်းဗားရှင်းပြန်ပြရင်လည်း မဆိုးဘူး၊ ရုပ်လုံးတော့ပေါ်လာပြီ။ Minimum viable product (MVP) လို့ခေါ်ကြတယ်။
တခြားမှာတော့မသိပေမယ့် အခုအလုပ်လုပ်တဲ့ပတ်ဝန်းကျင်မှာ MVP အဆင့်ကိုမြန်မြန်ရောက်အောင်သွားရတယ်။ လူအင်အားနည်းနည်း၊ အရင်းအနှီးကျစ်ကျစ်လစ်လစ်နဲ့ အလုပ်ဖြစ်တဲ့ product တစ်ခု အချိန်တိုအတွင်းထွက်ဖို့လိုတာမျိုး။ ရုပ်လုံးပေါ်တဲ့အဆင့်မှာ ပြကြည့်။ မကြိုက်တာဖြုတ်၊ လိုချင်တာထပ်ထည့်။ အလုပ်အပ်တဲ့ဆီမှာလည်း အဲဒီလောက်ရုပ်လုံးပေါ်တဲ့အချိန်ပြမှ ဒါမျိုးမလိုချင်ဘူး၊ ဘယ်ဟာကိုတော့ဒီလိုလေးထပ်ပြင်ဖို့လိုတယ် စသဖြင့် input လေးစရတယ်။ အဲဒီမတိုင်ခင်တော့ သူတို့လည်းကိုယ့်ဘာသာကိုယ်ဘာလိုချင်မှန်းမသိသေးဘူး။ ကိုယ်လည်းသူတို့အကြိုက်မခန့်မှန်းတတ်သေးဘူး။ AI ကိုအလွန်အမင်းမှီခိုထားရင် ဒီအဆင့်မှာပြဿနာစတယ်။ အလုပ်အပ်တဲ့ဆီက ထပ်ထည့်ချင်တဲ့ function က တော်တော်လေးအသေးစိတ်ပြီး AI လည်းမလုပ်တတ်တဲ့ဟာမျိုးဆိုရင် ဘယ်ကစလုပ်ရမှန်းမသိတော့ဘူး။ မျက်စိရှေ့မှာ code တွေတော့မြင်နေရတယ်။ ဒါပေမယ့် ဘယ်နေရာမှာကြားဖြတ်ပြီး feature အသစ်ကိုစထည့်ရမလဲ မစဉ်းစားတတ်တော့တာမျိုး။ ဘာလို့လဲဆိုတော့ AI ရေးပေးတဲ့ code ကို ဪ ဒီလောက်ကငါလည်းရေးတတ်တယ်၊ သူရေးပေးတော့အမြန်ပြီးတာပေါ့ဆိုပြီး ကူးထည့်လိုက်တာ။ Error ပေါ်ရင်လည်းသူ့ပဲမေးပြီး သူပြောတဲ့အတိုင်းရှင်းလိုက်တာဆိုတော့ ဘာကြောင့် error ပေါ်လဲ၊ ဘာလို့ဒီလိုရှင်းလိုက်ရင် ပြန်ပျောက်သွားတာလဲ မသိတော့ဘူး။
ရုပ်လုံးပေါ်တဲ့အဆင့် (Minimum viable product) လောက်က ခုဆို AI တော်တော်များများရေးပေးတတ်နေပြီ။ ဒါပေမယ့်အဲဒီအဆင့်ကျော်လွန်ပြီး feature အသစ်တွေစထည့်တဲ့ခါမှာ တလွဲတွေစလုပ်တယ်။ အဓိကအားနည်းချက်က context ကိုမမှတ်မိတာပဲ။ တစ်ချိန်တည်းမှာ ဖိုင်အများကြီးကိုကြည့်ပြီး သူတို့အချင်းချင်းဘယ်လိုဆက်စပ်အလုပ်လုပ်နေလဲဆိုတာ နားမလည်ဘူး။ ဆက်ရေးလေ မှားလေ၊ နဂိုအလုပ်လုပ်ပြီးသား code တွေပျက်လေဖြစ်တတ်တယ်။ လူကိုယ်တိုင်လည်း ဘယ်ကအစပြန်ကိုင်ရမှန်းမသိတော့လို့ အစကမရေးရရုံတမယ် ပြန်ပြင်ရေးရတယ်။ ကိုယ်တိုင်အစအဆုံးနီးပါးပြန်ပြင်ရေးပြီးတဲ့အခါ codebase ကို ကိုယ်ပိုင်တယ်လို့ခံစားလာရတယ်။ တစ်ကြောင်းချင်းစီကော ခြုံငုံပြီးတော့ကော ပြန်ကြည့်ရင်မှတ်မိတယ်။ testing လုပ်ကြည့်လို့ bug တွေ့ရင်တောင်မှ code ကိုမကြည့်ရသေးဘူး၊ ဒါဘယ်လိုင်းမှာဖြစ်တာလဲဆိုတာ ချက်ချင်းမှန်းနိုင်လာတယ်။

ဒီလိုနဲ့ Neovim ကိုကြိုးစားပြီးသုံးကြည့်တယ်။ AI agent တွေတွင်တွင်ကျယ်ကျယ်သုံးနိုင်တဲ့ code editor တွေမှာ ကိုယ်မရေးခင်ကြိုကြိုပြနေတာကို မျက်စိရှုပ်တယ်လို့ခံစားရလို့လည်းပါတယ်။ စဉ်းစားတတ်တဲ့အလေ့အကျင့်ကို ချိုးနှိမ်ထားတာနဲ့တူတယ်လို့ စိုးရိမ်လာတယ်။ ကြာလာရင်ဉာဏ်တိမ်သွားမှာစိုးတယ်။ Visual Studio Code ကနေ Neovim ပြောင်းကာစက တော်တော်ခက်တယ်။ mouse မသုံးရဘဲ key တွေနဲ့ စာစီစာရိုက်လုပ်ရသလိုမျိုးဆိုတော့ စစချင်းအလုပ်မတွင်ဘူး။ နောက်ရက်တွေကျမှ mouse ကိုသွားသွားမရွှေ့ဘဲ keyboard ကနေအလုပ်လုပ်တာဟာ အာရုံပိုစူးစိုက်နိုင်တာသတိထားမိတယ်။ တစ်ကြောင်းချင်းစီကိုယ်တိုင်ရေးရတာဆိုတော့ PHP class မှာ namespace ကြေငြာတာမျိုးကအစ ကိုယ်တိုင်ရိုက်တယ်။ namespace resolve လုပ်ဖို့ use တာတောင် plugin မသုံးဘဲ စာရိုက်ပြီး use ရတာဆိုတော့ code တစ်ကြောင်းချင်းစီကို ကိုယ်ပိုင်တယ်လို့ခံစားရတယ်။ တဖြည်းဖြည်းနဲ့ key တွေအလွတ်မှတ်ဖို့မလိုတော့ဘဲ muscle memory နဲ့မှတ်မိလာလို့ အလုပ်ပိုတွင်လာတယ်။
တစ်ချိန်ချိန်တော့ VSCode ပြန်သုံးဖြစ်ချင်သုံးဖြစ်မယ်။ AI agent တွေလည်းပြန်သုံးဖို့လိုကောင်းလိုလာမှာပါပဲ။ ဒါဟာ AI လုံးဝမသုံးသင့်ဘူးလို့ပြောတာမဟုတ်ဘဲ tool တစ်ခုအနေနဲ့သုံးသင့်တယ်လို့ ဆိုလိုတာ။ AI က ကိုယ့်ကိုခိုင်းတာမဟုတ်ဘဲ ကိုယ်က AI ကိုခိုင်းတတ်ဖို့ပဲမို့လား။
← Back to blog